Coronavirus Disease 2019(Covid-19) နှင့်ပတ်သက်၍ အကျဉ်းထောင်/စခန်းများ၌
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ
၁။ ကမ္ဘာနှင့်တစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသော Coronavirus (COVID-19 ) ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ၌ အလေးထားဆောင်ရွက်လျက်ရှိရာ အကျဉ်းဦးစီးဌာန အနေဖြင့်လည်း Coronavirus (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းရပ် များပါအတိုင်း ဆောင်ရွက် လျက်ရှိပါသည်-
(က) အသိပညာပေးဟောပြောခြင်း။ Coronavirus Disease 2019 (COVID-19) နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ဝန်ထမ်း၊ ဝန်ထမ်းမိသားစုများ၊ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများအား ဟောပြောခြင်း များဆောင်ရွက်လျက် ရှိပါသည်။
( ခ) အသိပညာပေးဆိုင်းဘုတ်များ ချိတ်ဆွဲခြင်း။ ကျန်းမာရေးအသိပညာပေး ဆိုင်းဘုတ် များအား ဝန်ထမ်းလိုင်းခန်းများ ၊ ထောင်ဝင်စာ ဧည့်တွေ့နေရာများ၊ အကျဉ်းထောင် တံခါးမကြီးရှေ့မျက်နှာစာနှင့် အကျဉ်းထောင်အတွင်း အိပ်ဆောင်ဝန်းများတွင် ချိတ်ဆွဲ ခြင်း/ကပ်ထားခြင်းများ ဆောင်ရွက်ထားပါသည်။
( ဂ) Non-Contact Infrared Thermometer ဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း။ အကျဉ်းထောင် အတွင်းဝင်မည့် ဝန်ထမ်းများ၊ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၊ လူအများနှင့်ထိတွေ့ ဆက်ဆံရသည့် ထောင်ဝင်စာ ဧည့်တွေ့သည့် နေရာများတွင် လာရောက်တွေ့ဆုံသူများအား အဖျားတိုင်းကိရိယာ (Non-Contact Infrared Thermometer)ဖြင့် တိုင်းတာ၍ အပူချိန် ၃၈°C/ ၁ဝဝ.၄°F နှင့် အထက်ရှိပါက ထောင်ဝင်စာဆုံတွေ့ခွင့်အား ငြင်းပယ်ခြင်း ဆောင်ရွက်လျက် ရှိပါသည်။
(ဃ) လက်ဆေးဘေစင်များထားရှိခြင်း။ ထောင်ဝင်စာ ဧည့်တွေ့သည့် နေရာများ၊ အကျဉ်းထောင် တံခါးမကြီးရှေ့နေရာ၊ အကျဉ်းထောင်ဝန်းအတွင်းနှင့် အကျဉ်းသား၊ အကျဉ်းသူအိပ်ဆောင်များ၌လည်း လက်ဆေးဘေစင်များတပ်ဆင်ထားရှိပြီး Hand Gel များ၊ ပိုးသတ်ဆေးဆပ်ပြာများ ထားရှိဆောင်ရွက်လျက်ရှိပါသည်။
( င) ပိုးသတ်ဆေးဖျန်းခြင်း။ လူအများလာရောက်သည့် အကျဉ်းထောင် ထောင်ဝင်စာ ဧည့်တွေ့နေရာများတွင် ပိုးသတ်ဆေးများဖျန်းခြင်း ဆောင်ရွက်လျက်ရှိပါသည်။
( စ) ရုံးထွက်/ရုံးပြန်များအား အဝင်/အထွက် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်း ခြင်း။ တရားရုံးထွက်၊ရုံးပြန် အချုပ်သား/အချုပ်သူများ ၊ နောက်မှုရုံးထွက် လျက်ရှိသည့် အကျဉ်းသား/ အကျဉ်းသူများအားလည်း ကိုယ်အပူချိန်တိုင်းတာခြင်း၊ အကျဉ်းထောင် အတွင်းသို့ မဝင်မှီလက်ဆေးစေခြင်းများ ဆောင်ရွက်စေလျက် ရှိပါသည်။
(ဆ) ချင်း(ဂျင်း)၊ ကွမ်းရွက်ပြုတ်ရည် တိုက်ကျွေးခြင်း။ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းများတွင် ရာသီတုပ်ကွေးရောဂါပါ မဖြစ်ပွားစေရေးအတွက် နေ့စဉ် ချင်း(ဂျင်း)/ ကွမ်းရွက် ပြုတ်ရည် တိုက်ကျွေးစေခြင်းများဆောင်ရွက်လျက်ရှိပါသည်။
၂။ ၂၅-၃-၂၀၂၀ရက်နေ့အထိ အကျဉ်းထောင်စခန်းများတွင် လက်ဆေးဘေစင် တပ်ဆင် ထားမှုမှာ ၂၉၀ ခု၊အပူချိန်တိုင်း ကိရိယာ(Non – Contact Thermometer) တပ်ဆင်ထားမှု ၁၅၅ ခု၊ အသိပညာပေးဆိုင်းဘုတ် စိုက်ထူ/ချိတ်ဆွဲထားမှု ၁၂၆၇ ခု၊ ထောင်ဝင်စာဧည့်တွေ့နေရာ ပိုးသတ်ဆေး ဖျန်းမှု ၃၁၃ ကြိမ်၊ အသိပညာပေးဟောပြောပွဲများ ကျင်းပမှုမှာ ၃၆၂ ကြိမ် ထိ ပြုလုပ်ပြီးဖြစ်ပါသည်။
၃။ အကျဉ်းဦးစီးဌာနအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ သံသယလူနာတွေ့ရှိပါကလည်း သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်များအလိုက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ပြည်သူ့ဆေးရုံများသို့ ချက်ချင်း သတင်းပို့ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း နှင့် အကျဉ်းထောင်/စခန်းများ၌ Coronavirus (COVID-19 ) ရောဂါ သံသယ လူနာမရှိပါကြောင်းသတင်းမှန်ထုတ်ပြန်အပ်ပါသည်။